Blog

ကျား၊မ ရေးရာ ကဏ္ဍ၊ COVID-19 ဖြင့် ဆက်နွယ်မှု နှင့် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ် မြောက်ပိုင်းဒေသ အပေါ် စီးပွားရေး အကျိုးသက်ရောက်မှုများ

13/10/2020 ကျား၊မ ရေးရာ ကဏ္ဍ၊ COVID-19 ဖြင့် ဆက်နွယ်မှု နှင့် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ် မြောက်ပိုင်းဒေသ အပေါ် စီးပွားရေး အကျိုးသက်ရောက်မှုများ

ကူးစက်မှုနှုန်းထား အရ အတန်ငယ် နည်းသော်လည်း မြန်မာနိုင်ငံ တွင် Covid-19 ရောဂါတွေ့ရှိမှု တိုးမြှင့်လာနေပြီး တစ်နိုင်ငံလုံး ရှိ အမျိုးသား၊ အမျိုးသမီး များ၏ အသက်မွေးဝမ်းကျောင်း အပေါ် သိသိသာသာ အကျိုးသက်ရောက်မှု များရှိနေ ပါသည် ။ ကျွန်ုပ်တို့သည် လုပ်ဖော်ကိုင်ဖက် အဖွဲ့ဖြစ်သော ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ ( KWEG)* နှင့် ကရင်ပြည်နယ်​ မြောက်ပိုင်းဒေသရှိ အမျိုးသား အမျိုးသမီးများ၏ Covid-19 ကပ်ရောဂါ ကာလ အတွင်း စီးပွားရေး ၊ စားဝတ်နေရေး အတွေ့အကြုံ များ  နှင့် ဗိုင်းရပ်စ်ကြောင့် ဖြစ်လာနိုင်သည့် ရေရှည် အကျိုးသက်ရောက်မှုများ အကြောင်း ဆွေးနွေးပြောဆို ခဲ့ကြပါသည်။

မြန်မာနိုင်ငံ၌ ပထမဦးဆုံး Covid-19 ရောဂါတွေ့ရှိမှုကို  မတ်လ ၂၃ တွင် အတည်ပြုခဲ့ပြီး ဧပြီလ အစောပိုင်းမှစ ၍ အစိုးရအရာရှိ များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များတို့သည် မိမိတို့၏ ထိန်းချုပ် ဒေသများအတွင်း ဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ် နိုင်ရန် တင်းကြပ်သည့် လူထုလုံခြုံရေး အစီအမံများ ချမှတ်ခဲ့ကြ ရပါသည်။ ယခုလက်ရှိအချိန်ထိ တရားဝင် သေဆုံးသူ ၁၉၈ ယောက်** နှင့် ရောဂါတွေ့ရှိသူ အရေအတွက် နည်းပါးလျက်ရှိနေ သော်လည်း ဩဂုတ် လမှစ၍ ပြည်တွင်းကူးစက်မှုများ တဖြည်းဖြည်း မြှင့်တက်လာ ပါသည်။  သို့သော်လည်း ကပ်ရောဂါကာလ ပထမရက်များ ၌ပင် ဗိုင်းရပ်စ် ကြောင့် ဖြစ်ပေါ်လာသောအကျိုးဆက်များ မှာ သိသိသာသာ ကြီးမားနေပါသည်။ ရပ်ရွာတစ်ခုလုံးကို အသွားအလာ ကန့်သတ်ခြင်း၊  ဒေသအနှံ့တွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်းများ၊ ညအပြင်မထွက်ရအမိန့်များ၊ ပြည်ပ ခရီးသွားလာခြင်းနှင့် ကုန်သွယ်မှု များပိတ်ထားခြင်း၊ ပြည်တွင်းခရီးသွားလာမှုကို ကန့်သတ်ခြင်း တို့ကြောင့် အလုပ်လက်မဲ့ များပြားလာမှု၊ စာဝတ်နေရေး မလုံခြုံမှု၊ ကျားမ အခြေပြု အကြမ်းဖက်မှု၊ အသေးအဖွဲ ခိုးယူမှု နှင့် လူ့အဖွဲ့စည်းအား အကြောက်လွန်စိုးရိမ်မှု (social anxiety )များ တစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်လာပါသည်။

Covid-19 ၏  စီးပွားရေး ဆိုင်ရာ အကျိုးသက်ရောက်မှု ကို ကြည့်မည်ဆိုလျှင် ကျား၊မကဏ္ဍ နှင့် လူ့အဖွဲ့အစည်း မှ အပယ်ခံထား မှု ( social exclusion ) တို့ကိုလည်း ထည့်သွင်းပြောဆိုရမည် ဖြစ်သည်။ ကရင်ပြည်နယ် ရှိ အမျိုးသမီး၊ ကလေးသူငယ်များ၊ ကျေးရွာအခြေပြု ကိုယ်ထူကိုယ်ထ အဖွဲ့များ နှင့် အမျိုးသမီး ဦးဆောင်သော အဖွဲ့အစည်း များ၏ ဖွံ့ဖြိုးရေးအတွက် ပံပိုးကူညီလုပ်ဆောင်နေသော ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (KWEG) ၏ အဆိုအရ ကျား၊မ ကဏ္ဍ၊ တာဝန် နှင့် လူ့အဖွဲ့စည်းမှ ထားရှိသော မျှော်မှန်းချက် မညီမျှခြင်း စသည့် ကျား၊မရေးရာ တန်းတူညီမျှမှု အခြေအနေ၏ လွှမ်းမိုးမှုများကြောင့် အမျိုးသမီး အမျိုးသား အပေါ် ကပ်ရောဂါ၏ သက်ရောက်မှုများမှာ ကွဲပြားနေလျက် ရှိပါသည်။

နေ့စဉ်ဘဝ အကျိုးသက်ရောက်မှု

ကရင်ပြည်နယ်မြောက်ပိုင်း ဒေသ တွင် နေထိုင်သူများ၏ အသက်မွေးဝမ်းကျောင်း စားဝတ်နေရေးသည် စိုက်ပျိုးရေး လုပ်ငန်း အပေါ် နှင် ရွေ့ပြောင်း အလုပ်လုပ်ကိုင်သော ဆွေမျိုးသားချင်း များ၏ ငွေပို့ပေးမှုများ အပေါ် များစွာ မူတည်နေပါသည်။ ယခု Covid-19 အကျပ်အတည်း ဖြစ်ပေါ်နေသည့် လက်ရှိ မုတ်သုံရာသီ ကဲ့သို့ ကာလမျိုးတွင်  ဒေသနေထိုင်သူများသည် ရာသီပေါ် ကောက်ပဲသီးနှံ ကူးသန်းရောင်းဝယ်ခြင်း၊ စားပင်သုံးပင်များ ရောင်းဝယ်ဖောက်ကားခြင်း နှင့် သစ်ခုတ်လုပ်ရောင်းချခြင်း တို့အပေါ် မှီခို လုပ်ကိုင်လေ့ ရှိကြပါသည်။

အသွားအလာ ကန့်သတ်ခြင်း တို့ကြောင့် ဒေသ စျေးကွက်တွင် ထိခိုက်မှုများ ရှိလာပြီး၊ ကုန်သွယ်ရေး လမ်းကြောင်း ခက်ခဲမှုများ နှင့် သီးနှံများ စျေးကွက်နည်းပါးလာမှု​ ကြောင့် စျေးနှုံး ကျဆင်းမှုများ ကြုံတွေ့လာရ ပါသည်။ ယခင်က သီးနှံများကို ဝင်ငွေရရှိမှု အတွက် ရောင်းချရာမှ  မိမိလိုအပ်ရာ ပစ္စည်းများအတွက် မိသားစု အများစု သည် အိမ်နီးချင်း များဖြင့် သီးနှံအသုံးပြု၍ ကုန်ဖလှယ်ခြင်းများ ပြုလုပ်လာကြ ပါသည်။ မိမိ ရပ်ရွာ၏ အပြင်ထွက်၍ ရပ်ဝေးတွင် အလုပ်လုပ်ကိုင် ရသော နေ့စား လယ်ယာ အလုပ်သမား များသည်လည်း သွားလာခွင့် မရှိသောကြောင့် ယာပိုင်ရှင်များက မိမိနှင့် နီးစပ်ရာ နယ်မြေတွင်းရှိ သူများကိုသာ  ဦးစား ပေးငှားရမ်း လာကြပါသည်။  ထို့ကြောင့် ကရင်ပြည်နယ်ရှိ နေထိုင်သူများ  အထူးသဖြင့် လူငယ်များ မှာ အန္တရယ် ပို၍ရှိသော အလုပ်များ ဥပမာ- ရေစီးသန်ပြီး ခက်ခဲကြမ်းတမ်းသော ရေလမ်းကြောင်းအတိုင်း သစ်ပို့ဆောင်ခြင်း ကဲ့သို့သော အလုပ်များဘက်သို့ ဦးလှည့်လာကြ ရပါသည်၊၊

ရွေ့ပြောင်းအလုပ်သမားများလည်း အလားတူ အကျိုးသက်ရောက်မှုများကို ခံစားကြ ရပါသည်။မကြာသေးမီကမှ ပြည်တော်ပြန်ခဲ့သူ ၁၃၀၀ အား ကောက်ယူခဲ့သော ဆန်းစစ်လေ့လာချက်အရ စစ်တမ်းတွင် ပါဝင်သူ အမျိုးသား ၅၀% နှင့် အမျိုးသမီး ၄၂% မှာ Covid-19 ကြောင့် အလုပ်ဆုံးရှုံး ခဲ့ကြပါသည်။ ၁၀% ထက်နည်းသော အရေအတွက် သာလျှင် ယခင် ကပ်ရောဂါ ကူးစက်မှု မတိုင်မီ ငွေလွှဲပြန်ပို့ငွေ (ဝင်ငွေ) ပမာဏ အတိုင်း ရရှိပါသည်။ ၆၀% မှာ အကြွေးများ တင်နေပြီး၊ ယင်းသို့ အကြွေးတင်သူ သုံးပုံနှစ်ပုံ က ကပ်ရောဂါကာလ မှစတင်ပြီး ၎င်းတို့၏ အကြွေး အခြေအနေမှာ ပိုမို ဆိုးရွားလာသည်ဟု ဖြေဆိုခဲ့ကြပါသည်။[၁] ရပ်ရွာသားများ က  KWEG အား ပြောပြချက်အရ အလုပ်လက်မဲ့ ဖြစ်ခြင်းကြောင့် အရက် နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းတို့ ပိုမို များပြားလာသည် ကို တွေ့ရပြီး၊ ယင်းမှတဆင့် ရပ်ရွာအတွင်း နှင့် အိမ်တွင်း အကြမ်းဖက်မှုများ ပိုမိုဖြစ်ပေါ်စေရန် အားပေး​နေလျက် ရှိပါသည်။ ထို့ပြင် မိသားစု များမှာလည်း နေ့စဉ် ရှင်သန်နေထိုင် နိုင်ရေးအတွက် ပို၍ အန္တရာယ်ရှိသော အလုပ်များကို ရွေးချယ်လုပ်ကိုင် လာကြ ရပါသည်။ အထက်ပါ အချက်များကို ကပ်ရောဂါကာလ အတွင်း ဝင်ငွေပိုင်းဆိုင်ရာ မလုံခြုံမှု ခံစားချက်များကြောင့် အိမ်ထောင်ဖက်များ အကြား အိမ်တွင်း အကြမ်းဖက်မှု မြင့်တက်လာခြင်း၊ မိသားစုဝင် အချင်းချင်း သော်လည်းကောင်း အိမ်နီးချင်း နှင့်လူငယ်လူရွယ်များ အကြား သော်လည်းကောင်း ခိုက်ရန်ဖြစ်ပွားမှုများ မြှင့်တက်လာခြင်း တို့ကို မှတ်တမ်းတင်နေသည့် KWEG အဖွဲ့က သဘောတူ အတည်ပြု ခဲ့ပါသည်။

မြန်မာ အစိုးရ အရာရှိများ နှ့င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) များက ပုံစံ အမျိုးမျိုးသော အုပ်ချုပ်ရေး စည်းမျဉ်းစည်းကမ်းများ ချမှတ်ထုတ်ပြန် ထားသော ဒေသများ၌ နေထိုင်နေရသည့် ပြည်သူများ အနေဖြင့် တခါတရံတွင် ပုံစံတူနေပြီး တခါတရံတွင် အချင်းချင်း ဆန့်ကျင်ဘက် ဖြစ်နေသည့် Covid-19 ဆိုင်ရာ တားမြစ်ကန့်သတ်ချက်များ အကြား သွားလာလှုပ်ရှား နေရပါသည်။ နယ်စပ်ဒေသနှင့် မြို့တွင်း တို့တွင် Covid-19 ဆိုင်ရာ လူထုလုံခြုံရေး တားမြစ်ချက်များ ချိုးဖောက်ခြင်းကို ဖမ်းဆီး ပြစ်ဒဏ်ပေးခြင်း ရှိလာသည့် အလျောက် ဤလုပ်ဆောင်မှုသည် သီးနှံရိပ်သိမ်းချိန် အဓိကကာလအတွင်း အများပြည်သူ၏ အလုပ်အကိုင် အခွင့်အလမ်း၊ လယ်ယာလုပ်ကိုင်မှု နှင့် စျေးကွက်များကို ထိခိုက်စေပါသည်။ ထို့အပြင် လူထုအကြား ဖမ်းဆီးချုပ်နှောင်မှု ခံရမည့်အ‌ပေါ် ကြောက်ရွံစိုးရိမ်စိတ် များလည်း မြှင့်တက်လာ ပါသည်။

 

အမျိုးသမီးများ နှင့် သုံးထပ်ကွမ်း ဝန်ထုတ်ဝန်ပိုး

Covid-19 သည် အမျိုးသမီး နှင့် အမျိုးသား နှစ်ရပ်လုံး အပေါ် သက်ရောက်မှု ရှိပါသည်။ သို့သော်လည်း KWEG နှင့် စကားပြောဆိုခဲ့သည့် အမျိုးသမီးများ၏ ဖေါ်ပြချက်အရ အမျိုးသမီးများ၏ နေ့စဉ်ဘဝတွင် ပြောင်းလဲမှုများစွာ ကြုံတွေ့လာရပါသည်။ အမျိုးသမီးများသည် အိမ်မှုကိစ္စ အလုပ်များ၊ ရပ်ရွာအရေး (လူမှုရေး) အလုပ်များ နှင့် ဝင်ငွေ ရရှိရေး အလုပ်များ သုံးမျိုးလုံးကို လုပ်ဆောင်ရခြင်းကြောင့် ၎င်းတို့၏ သုံးထပ်ကွမ်း ဝန်ထုတ်ဝန်ပိုး မှာလည်း ပိုမို၍ ကြီးမားလာ ပါသည်။ ထို့နည်းတူ အမျိုးသမီးများသည် ၎င်းတို့၏ တကိုယ်ရေ ကျန်းမာရေး နှ့င် မိသားစုဘဝ ဖူလုံရေး နှင့်စပ်လျဉ်းသည့် စိုးရိမ်ပူပန်မှုများ ပိုမိုမြှင့်တက် လာပါသည်။

အမျိုးသမီးများသည် နဂိုကတည်းကပင် များပြားလှသော အိမ်မှုကိစ္စ အလုပ်များစွာဖြင့် ဝန်ထုတ်ဝန်ပိုး ပိနေပြီး၊  လက်ရှိကာလတွင် မိသားစုဝင် များက ၂၄နာရီ ပတ်လုံး အိမ်တွင် ရှိနေသဖြင့် အမျိုးသမီးများ၏ အိမ်မှုကိစ္စ တာဝန်များ ပို၍ပင် များပြား လာပါသည်။ ထို့အပြင် ၎င်းတို့သည် Covid-19 ကူးစက်မှု တားဆီးကာကွယ်ရန် ကျန်းမာရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာ အလေ့အထ လုပ်ဆောင်မှုများ ကိုလည်း တာဝန်ယူ ထားရပါသည်။ အမျိုးသမီးများသည် မိသားစု တာဝန်ဝတ္တရားများ သာမက ရပ်ရွာကိစ္စအဝဝ လိုအပ်ချက်များကိုလည်း ကူညီထောက်ပံ ပေးနေရပါသည်။ မိမိဆန္ဒ သို့မဟုတ် ရံဖန်ရံခါ အမျိူးသမီးများ အပေါ် ထားရှိသော လူမှုဝတ္တရား စံသတ်မှတ်ချက်များ ရှိသဖြင့် ရပ်ရွာလိုအပ်ချက် အတွက် ပစ္စည်းအရင်းအမြစ် ရရှိရေး လှုပ်ရှားပေးခြင်း၊  ကျန်းမားရေဆိုင်ရာ ပညာပေး စည်းရုံးလှုံဆော်မှု များကို ဦးဆောင်ခြင်း နှင့် အလူငွေရရှိရေး ကဏ္ဍတွင် စေတနာ့ ဝန်ထမ်းအဖြစ် ပါဝင်ခြင်း၊ ငွေအကျပ်အတည်း ရှိသော အိမ်နီးချင်း နှင့် မိသားစုများအား ကူညီပေးခြင်း စသည့် ကဏ္ဍများ၌ အမျိုးသမီးများ ပါဝင် လုပ်ဆောင်နေလျက် ရှိကြပါသည်။ မိသားစု များအား အစားအစာ ထောက်ပံ့သည့် ရိုးရိုးရှင်းရှင်း လုပ်ဆောင်မှု သည်ပင် အစားအစာ လုံခြုံမှုမရှိခြင်း နှင့် ဆာလောင်မှု ပြဿနာ များကို လျှော့ချနိုင်ပြီး အိမ်တွင်းအကြမ်းဖက်မှု နှင့် ရပ်ရွာတွင်း အကြမ်းဖက်မှုများ များပြားလာခြင်းကို တားဆီးနိုင်စွမ်း ရှိသည်ဟု KWEG မှ လေ့လာသုံးသပ် မိပါသည်။

အမျိုးသမီးများသည် မိမိအိမ်တွင် သာမက ရပ်ရွာတွင်းမှာပါ Covid-19 တုံ့ပြန်လုပ်ဆောင်ရေး အစီအမံများ၌ ဦးဆောင်မှုများ ပြုလုပ်လာကြ ပါသည်။ အမျိုးသမီး ဦးဆောင်သော အဖွဲ့အစည်း များသည်လည်း ရောဂါ တုံ့ပြန်ရေး အစီအမံ များတွင် အမျိုးသမီးများကို ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခွင့်ပေးရန် ထောက်ခံ တောင်းဆိုမှုများ ပြုလုပ် လာကြပါသည်။

အမျိုးသမီး ဦးဆောင် အလုပ်လုပ်ရသည့် အိမ်ထောင် များတွင် အလုပ်လက်မဲ့ဖြစ်ခြင်း နှင့် လစာ ဖြတ်တောက်ခြင်းတို့ ကြုံတွေ့ရခြင်းကြောင့် အမျိုးသမီးများသည် အခြားနည်းများဖြင့် ဝင်ငွေရှာဖွေ လာရပြီး မျှစ်ရှာထွက်ခြင်း၊ နှာခေါင်းစီးများ ချုပ်လုပ် ရောင်းချခြင်း နှင့် ငွေလိုအပ်မှု အလျဉ်းမီရန် ချေးငွေရယူခြင်း စသည့် နည်းလမ်းတို့ဖြင့် ကြံဖန်လုပ်ကိုင် လာကြပါသည်။ ယခင်က အမျိုးသား တစ်ဦးတည်း၏ လစာကို မှီခို ရပ်တည်ခဲ့သော အိမ်ထောင်များတွင်လည်း မိသားစု ဝင်ငွေအား အထောက်အပံ ဖြစ်စေရေး အတွက်  အမျိုးသမီးများ နှင့်ကလေးများ သည်ပင် ရရာ အလုပ်များကို ရှာဖွေလုပ်ကိုင် လာကြ ရပါသည်။ ကျေးရွာ ဒေသများတွင် အကြွေးရယူမှု ပိုမိုမြှင့်တက်လာခြင်း နှ့င် အမျိုးသမီးများ၏ လုံခြုံမှု အပေါ် ခြိမ်းခြောက်နိုင်သည့် ငွေကြေး မဖူလုံမှုကြောင့် ဖြစ်ပေါ်လာသော အသေးအဖွဲ့ ခိုးယူလုယက်မှု ပိုမို များပြားလာခြင်း တို့ကို KWEG က သတိထားမိခဲ့ ပါသည်။

အမျိုးသမီး ဦးဆောင်သည့် ဆောင်ရွက်မှုများ နှင့် အကြံပြုချက်များ

KWEG နှင့် အမျိုးသမီး ခေါင်းဆောင်မှု ပြုနေသည့် အခြား အဖွဲ့အစည်း တို့သည် Covid -19 ရောဂါတုံ့ပြန်မှု လုပ်ငန်းများအတွက် အရေးပေါ် လိုအပ်နေသည့် အရာများ ဖြည့်ဆည်းနိုင်ရန် ကျန်းမာရေး အသိပညာပေး စာစောင်များ၊ နှာခေါင်းစည်းများ၊ ဆပ်ပြာများ နှင့် လက်သန့်စင်ဆေးများကို ဖြန့်ဝေခဲ့ ပါသည်။ ထို့ပြင် အာဏာပိုင်များနဲ့ ပူးပေါင်း၍ ပြည်သူများ၏ ဘေးကင်းလုံခြုံမှု စားနပ်ရိက္ခာ မလုံခြုံမှု နှင့် ခိုးယူလုယက်မှု လျှော့ချနိုင်ရန် ရပ်ရွာအခြေပြု ဆောင်ရွက်မှုများ ကိုလည်း ပံ့ပိုးကူညီ ပေးခဲ့ပါသည်။ KWEG သည် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန နှင့် ပူပေါင်းပြီး Quarantine center များသို့ ထောက်ပံရေး ပစ္စည်းများ ပံ့ပိုးကူညီခြင်း နှင့် ကပ်ရောဂါကာလ အတွင်း ကျား၊မ အခြေပြု အကြမ်းဖက်မှု ကြုံတွေ့ခဲ့ရသည့် သူများကိုလည်း ဥပဒေရေးရာ ပံ့ပိုးကူညီခြင်းများ လုပ်ဆောင်ခဲ့ပါသည်။

သို့သော်လည်း မိသားစုများအား ယခုကဲ့သို့ ထောက်ပံကူညီခြင်းထက် ပိုမို၍ စီးပွားရေးအရ ကူညီပံ့ပိုးနိုင်ရန်မှာ အလွန်ကြီးမှားသော စိန်ခေါ်မှုတစ်ခုပင် ဖြစ်ပါသည်။ အသွားအလာ ကန့်သတ် တားမြစ်ချက်များ ရှိနေသည့် အတွက် အဖွဲ့အစည်းများ အနေဖြင့် ရပ်ရွာ လူထု၏ လိုအပ်ချက်များအား ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်နိုင်ပြီး ပိုမိုကောင်းမွန်သော နည်းလမ်းများ ထုတ်ဖော်နိုင်ရန် အခက်အခဲဖြစ်နေ ပါသည်။ စီးပွားရေး အကျိုးသက်ရောက်မှု အချက်အလက်များကို စုဆောင်း နေသည့် နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ရပ်ရွာအသိုင်းအဝန်းဖြင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် ဒေသခံ အဖွဲ့အစည်းများ အကြား လက်တွဲပူးပေါင်းဆောင်ရွက်မူ ပိုမိုအားကောင်းစေရန် KWEG က ကြိုးပမ်းလုပ်ဆောင် နေပါသည်။ ယင်းမှတဆင့် ရေရှည်အကျိုးရှိမည့် ချဉ်းကပ်မှုနည်းလမ်းများ ချမှတ် သွားနိုင်စေရန် ရည်ရွယ်ပါသည်။  

 

သက်ရောက်မှု ဆိုးဆိုးရွားရွား ခံစားရသော မိသားစုများ နှင့် ရပ်ရွာ အသိုင်းအဝိုင်း များကို ကူညီနိုင်မည့် ပထမဆုံး ခြေလှမ်းမှာ ငွေကြေး အကူအညီ ဖြစ်သည့်အတွက် KWEG သည် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အလှူရှင် များထံမှ ငွေသားထောက်ပံ့မှု ရရှိနိုင်ရေး တောင်းဆိုနေလျက် ရှိပါသည်။ ငွေကြေးထောက်ပံ မှုများတွင် စည်းကမ်း တင်းတင်းကျပ်ကျပ် မရှိစေရန် လုပ်ဆောင်ရမည် ဖြစ်ပြီး၊ ထိုထောက်ပံငွေကြေးများသည် စီးပွားရေး ဖွံ့ဖြိုးမှု အတွက် သာမက လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လိုအပ်ချက်များ ကိုလဲ ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်ပါသည်။ တစ်ချိန်တည်းတွင် ငွေကြေးထောက်ပံခြင်း အစီအစဉ်၏ အသေးစိတ် အချက်အလက်များ နှင့် ထောက်ပံငွေပေးခြင်းသည် ယာယီအတွက်သာ ဖြစ်ကြောင်း သဘောပေါက် နားလည်ရန် ရှင်းပြထားရမည် ဖြစ်သည်။ ငွေကြေးထောက်ပံမှု အစီအစဉ် ရပ်တန့်သွားသည့် အချိန်တွင် ငွေထောက်ပံမှု မရတော့သဖြင့် ထိတ်လန့်မှုများ မဖြစ်စေရန် နှင့် ယင်းအပေါ် လုံးလုံး မှီခိုနေမှုကို ရှောင်ရှားနိုင်ရန် အတွက် ဖြစ်ပါသည်။

စားနပ်ရိက္ခာ ဝေခြင်း နှင့် ‘ထိခိုက်မှုအန္တရာယ် ပိုမိုရှိသော’ မိသားစုများကို ငွေကြေး ထောက်ပံ့ခြင်း အပါအဝင် အစိုးရက လုပ်ဆောင်နေသည့် အစီအမံများ [၂] အတွင်း ထောက်ပံ့မှုပေးရန် ရွေးချယ်ရာ၌ ပွင့်လင်းမြင်သာမှု ရှိရန်၊ အမျိုးသမီး နှင့် အမျိုးသမီး ဦးဆောင်သော အိမ်ထောင်စုများအား လွယ်လွယ်ကူကူ ငွေကြေးထောက်ပံ့ပေးရန်နှင့် ချေးငွေစီစဉ် ပေးရေးအတွက် ရပ်ရွာ နှင့် အမျိုးသမီး အဖွဲ့အစည်းများက တောင်းဆိုနေလျက် ရှိပါသည်။ စီးပွားရေး ပြန်လည် ထူထောင်ရေး အစီအစဉ်များ (မြန်မာအစိုးရ နှင့် EAOs နှစ်ခုလုံး ထံမှ) အရ ဥပမာ - ကျေးလက် ဒေသဖွံ့ဖြိုးရေး နှင့် ငွေပေး၊အလုပ်ပေး စနစ် (cash-for work) ဖော်ဆောင်ရေး ကဲ့သို့ အစီအမံများတွင် ပြည်သူ့ငွေကြေးအား အသုံးပြုရာ၌ အမျိုးသမီးနှင့် မိန်းကလေးများအတွက် အကျိုးရှိမှု ရှိမရှိ ကိုလည်း ချင့်ချိန် ရမည်ဖြစ်သည်။ [၃]

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAOs) များ ဦးဆောင်နေသည့် လက်ရှိ ကပ်ရောဂါ တုံ့ပြန်ရေး အဖွဲ့ဝင်များမှာ အကုန်လုံး နီးပါး အမျိုးသားများ ဖြစ်သဖြင့် အမျိုးသမီး များ၏ အတွေ့အကြုံနှင့် ဦးစားပေးမှု များမှာ စကားဝိုင်းများ အတွင်း မကြာခဏ ချန်လှပ်ထားခြင်း ခံနေရပါသည်။ အမျိုးသမီး အဖွဲ့အစည်းများ (KWEGကဲ့သို့ အဖွဲ့အစည်းများ) တွင်ရှိသော ဒေသတွင်း လူမှုရေးနှင့် စီးပွားရေး ဆိုင်ရာ အသိပညာများ နှင့် ကျား၊မ ရေးရာ ကွဲပြားမှု အချက်အလက်များကို  COVID-19 ရောဂါ တုံ့ပြန်ရေး အစီအစဥ်များ  ပုံစံထုတ် အကောင်အထည်ရာ၌ ထည့်သွင်းအသုံးပြု သင့်ပါသည်။ အမျိုးသမီး ဦးဆောင်သည့် အဖွဲ့အစည်းများသည်  ပြန်လည်ထူထောင်ရေး အစီအစဥ်များကို ဦးဆောင် လုပ်ကိုင်ရန် အလွန်သင့်တော်ပါသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့သည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အိမ်နှင့် ရပ်ရွာအဆင့် တို့တွင် COVID-19 အား စတင် တုန့်ပြန်သူများ ဖြစ်သောကြောင့် ဖြစ်ပါသည်။ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (KWEG) သည် အမျိုးသမီးများကို ပံ့ပိုးကူညီရုံ သာမက ရေရှည်တုံ့ပြန်မှု အစီအမံ ရေးဆွဲရာတွင် အမျိုးသမီးများ၏ ကျွမ်းကျင်မှု များကိုပါ ထည့်သွင်းနိုင်ရန် ကြိုးပမ်းနေပါသည်။ ယင်းသို့ လုပ်ဆောင်မှသာ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကြောင့် ကျား၊မ  မညီမျှမှုများ မကျယ်ပြန့်လာစေရန် တားဆီးနိုင်မည် ဖြစ်သည်။

 

*ယခုဆောင်းပါးတွင် ဖော်ပြထားသည့် အတွေးအမြင်များမှာ KWEG ဝန်ထမ်းများနှင့် ၎င်းတို့၏ ရပ်ရွာနှင့် ကျေးလက်ခေါင်းဆောင် (အထူးသဖြင့် အုပ်ချုပ်ရေးစနစ် ရောထွေးနေသည့် ကရင်ပြည်နယ် မြောက်ပိုင်းဒေသမှ) များဖြင့် ဆွေးနွေးမှုများ အပေါ် အခြေခံထား ပါသည်။

ကမ္ဘာကျန်းမာရေး အဖွဲ့ ၏ အချက်အလက်ကို ကြည့်ရန် 

[၁] IOM (2020) 

[၂] ယင်းမှာ မြန်မာနိုင်ငံ၏ Covid-19 စီးပွားရေး ကုစားမှု အစီအစဉ် (CERP) ကို ရည်ညွှန်းပါသည်။

[၃]  Lambrecht et al. (2020), ‘A Gender-Transformative Response to COVID-19 in Myanmar’, IFPRI, May